← All Articles

Life & Philosophy

မကင်းနိုင်ရင် ကောင်းအောင်နေ၊ မကောင်းချင်ရင် ကင်းအောင်နေ။

ဘုဏ်းခသူ

မကင်းနိုင်ရင် ကောင်းအောင်နေ၊ မကောင်းချင်ရင် ကင်းအောင်နေ။

ဒါက ကျွန်တော် ယုံကြည်ထားတဲ့ လက်သုံးစကားပဲ။

လူဆိုတာ အတ္တနဲ့ မကင်းနိုင်ဘူး။ ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ကြဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ့ အားနည်းချက်၊ အမှားနဲ့ မပြည့်စုံမှုတွေကို ကျွန်တော် လက်ခံပေးနိုင်တယ်။

ဒါပေမဲ့ လူတွေကို သည်းခံတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုအထိပဲ ရှိတယ်။ အဲဒီအတိုင်းအတာကို ကျော်လာရင်တော့ ကိုယ်က သည်းခံနေတာ မဟုတ်တော့ဘဲ စောက်ပေါ ဖြစ်သွားပြီလို့ပဲ မြင်တယ်။

တချို့လူတွေက ကိုယ်မသိဘူးထင်ပြီး ဂျင်းထည့်ဖို့ ကြိုးစားကြတယ်။ တကယ်တော့ ကိုယ်မသိတာ မဟုတ်ဘူး။ သိပ်ပြီး ဂရုစိုက်စရာမလိုသေးလို့ ငြိမ်နေတာ။

တချို့က ကိုယ်ငြိမ်နေတာကို အားနည်းတယ်လို့ ထင်ကြတယ်။ ကိုယ်ဘာမှ မသိဘူးလို့ ထင်ကြတယ်။ ဒီကောင် ဘာလုပ်လုပ် ခံမှာပဲဆိုပြီး အခွင့်ကောင်းယူဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ မတုံ့ပြန်တာနဲ့ မသိတာဟာ မတူဘူး။ ငြိမ်နေတာနဲ့ အရာအားလုံးကို လက်ခံထားတာလည်း မတူဘူး။

တစ်ခါတလေ ကိုယ်သိပေမဲ့ မပြောဘူး။ မြင်ပေမဲ့ မထောက်ပြဘူး။ တုံ့ပြန်လို့ရပေမဲ့ မတုံ့ပြန်ဘူး။ အဲဒါတွေက ကိုယ်မလုပ်တတ်လို့ မဟုတ်ဘူး။ အဲဒီကိစ္စတွေက ကိုယ့်အတွက် အရေးကြီးလောက်တဲ့အရာတွေ မဟုတ်သေးလို့ပဲ။

ကိုယ်က စကားတွေ ပြောနေသေးတယ်ဆိုတာလည်း အဲဒီလူနဲ့ ပေါင်းလို့ရနေသေးလို့ပဲ။ အမှားရှိရင် ပြောလို့ရသေးတယ်။ နားလည်မှုလွဲရင် ရှင်းပြလို့ရသေးတယ်။ ပြင်ဆင်လို့ရမယ်လို့ မျှော်လင့်ချက်ရှိနေသေးတယ်။

ဒါပေမဲ့ ပေါင်းလို့ မရတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ စကားတွေ အများကြီးပြောနေဖို့ မလိုတော့ဘူး။

အကြောင်းပြချက်တွေ ထပ်ပေးနေဖို့လည်း မလိုဘူး။ ကိုယ့်ဘက်က မှန်ကြောင်း သက်သေပြနေဖို့လည်း မလိုဘူး။ သူ့ကို နားလည်အောင် ကြိုးစားနေဖို့လည်း မလိုတော့ဘူး။

တိတ်တိတ်လေး နောက်ဆုတ်လိုက်ရုံပဲ။

ဒါဟာ စိတ်ကုန်သွားတာလည်း မဟုတ်ဘူး။ မုန်းသွားတာလည်း မဟုတ်ဘူး။ ဥပေက္ခာပြုလိုက်တာ။

သူကောင်းတာပဲလုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် ကိုယ့်အတွက် ဘာမှမထူးတော့ဘူး။ သူအောင်မြင်လို့လည်း ကိုယ်ဝမ်းသာစရာမလိုတော့သလို၊ သူကျရှုံးလို့လည်း ကိုယ်ဝမ်းနည်းစရာမလိုတော့ဘူး။

ဘာလို့လဲဆိုတော့ အဲဒီလူဟာ ကိုယ့်ဘဝထဲမှာ မရှိတော့လို့ပဲ။

လူတစ်ယောက်ကို ကိုယ့်ဘဝထဲက ဖယ်ထုတ်လိုက်တယ်ဆိုတာ သူ့ကို အနိုင်ယူလိုက်တာ မဟုတ်ဘူး။ သူ့အကြောင်းကို နောက်ထပ် စိတ်ပင်ပန်းခံပြီး တွေးမနေတော့ဖို့ ကိုယ့်ကိုယ်ကိုယ် ရွေးချယ်လိုက်တာပဲ။

မကင်းနိုင်ရင် ကောင်းအောင်နေ။ မကောင်းချင်ရင် ကင်းအောင်နေ။

လူတိုင်းနဲ့ အဆင်ပြေဖို့ မလိုဘူး။ လူတိုင်းကို သည်းခံနေဖို့လည်း မလိုဘူး။ တချို့ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ ကြိုးစားရတာထက် လွှတ်ချလိုက်တာက ပိုပြီး စိတ်အေးချမ်းစေတတ်တယ်။

နောက်ဆုံးတော့ ကိုယ့်ဘဝထဲမှာ ဘယ်သူရှိနေသင့်တယ်၊ ဘယ်သူမရှိတော့သင့်ဘူးဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်က ကိုယ့်မှာပဲ ရှိတယ်။

What do you think about this article?